မချမ်းဘော၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ ပြန်လည်အပ်နှံခြင်း အခမ်းအနားကျင်းပ

မချမ်းဘော မေ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က မချမ်းဘောကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မချမ်းဘောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မထင်မှတ်ဘဲကြုံတွေ့ခဲ့ရသည် သဘာဝေးဘေးငလျင် အန္တရာယ်ကြောင့် တက္ကသိုလ်ဝင်တန်းပြန်လည် ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားနည်းချက်ကို အားသာချက်အဖြစ်မှတ်ယူကာ အစွမ်းကုန်ပြန်လည် ကြိုးစားသွားကြရန်လည်းကောင်း ယခင်စာမေးပွဲထက်ယခုစာမေးပွဲကို အမှတ်ကောင်း ကောင်းဖြင့် အောင်မြင်နိုင်အောင် ကြိုးစားသင်ယူလေ့ကျင့်ကြရန်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအနေဖြင့်လည်း လိုအပ်သော သင်ထောက်ကူများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ မိဘဆရာများအနေဖြင့်လည်း မိမိတို့သားသမီးတပည့်များအပေါ် အစွမ်းကုန် ဂရုစိုက်ဖြည့်ဆည်းကြပ်မတ်ပေးကြရန်နှင့် ဖြစ်ပေါ်လာသော အခက်အခဲများကို အတူတကွ ပူးပေါင်းဖြေရှင်းကာ ပြန်လည်ဖြေဆိုမည့်စာမေးပွဲကို အခက်အခဲမရှိအောင်မြင်အောင် ကြိုးစားသွားကြရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော တက္ကသိုလ်ဝင်တန်း(Grade-12)ပုံနှိပ်စာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ပေးအပ်ရာ မချမ်းဘောမြို့နယ် ပညာရေးမှူး ဦးဂျီယောနသန်က လက်ခံရယူခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မချမ်းဘောမြို့နယ်တွင် အ.ထ.က မချမ်းဘော စာစစ်ဌာနတစ်ခုသာရှိပြီး ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ထိ အ.ထ.က-မချမ်းဘော၊ အ.ထ.က-ထရန်ဒမ်း၊ အ.ထ.ကခွဲ-နမ်ခမ်ကျောင်းတို့မှ တက္ကသိုလ်ဝင်တန်း(Grade-12) ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးတို့က စာမေးပွဲပြန်လည်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)