ဆီဆိုင်မြို့နယ်၌ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ

ဆီဆိုင် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်စေရေး ရည်ရွယ်၍ အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသ ဦးစီးမှူး ဦးဝင်းကျော်မျိုးက ဌာန၏ သင်တန်းဖွင့်လှစ်ပေးနေမှု လုပ်ငန်းစီမံချက်များ၊ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးမည့် အစီအစဉ်နှင့် သင်တန်းအား တက်ရောက်ကြသူများအနေဖြင့် အမှန်တကယ် စိတ်ပါဝင်စားပြီး မိမိဒေသနှင့် မိသားစုအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သည်အထိ တက်ရောက်သင်ကြားစေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသားရွေးချယ်ထားရှိမှု၊ သင်တန်းအထောက်အကူပစ္စည်းများဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို အသီးသီးဆွေးနွေးကြသည်။ အဆိုပါ အပ်ချုပ်စက်သင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ သင်တန်းသူ (၁၂) ဦးဖြင့် ဇွန်လအတွင်းတွင် ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)