လွိုင်လင်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ကျင်းပ

လွိုင်လင် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက လွိုင်လင်မြို့ တိုင်းရင်းသားနှစ်ခြင်းအသင်းတော်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌထံမှ ပေးပို့သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်ကြက်ခြေနီအသင်း ကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ဖတ်ကြားပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီကြိးကြပ်မှု‌ကော်မတီဥက္ကဋ္ဌ ဦးခွန်စံညွှန့်မှ မြိုနယ်အတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများချီးမြှင့်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အသီးသီးဆုများ ချီးမြှင့်ပေးကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို  “လူသားချင်းစာနာထောက်ထား တို့ကြက်ခြေနီများ”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး