ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

တောင်ကြီး မေ ၈

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ နည်းပညာများရရှိရေး၊ ကုန်သွယ်မှုတိုးပွားစေရေး၊ ငွေကြေးအရင်းအနှီးများ ရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမှာဖြစ်၍ ပြည်နယ်အတွင်းရောက်ရှိပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ဆုတ်ခွာမသွားရန် အရေးကြီးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများကို တတ်စွမ်းသမျှ ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လာနိုင်ရေးတို့ကိုလည်း မိမိတို့ကော်မတီမနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလေးနိုင်က Myanmar Pureplant Extracts Company Limited၏ တိရစ္ဆာန်အစာအတွက်သုံးသော ဂန္ဓာမာပန်းမျိုးစိတ်များ (Marigold)၏ အမှုန့်များ အားထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့်လျှောက်ထားတင်ပြလာခြင်းအပေါ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ Myanmar Pureplant Extracts Company Limited ၏ တာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်ခြင်းကို အတည်ပြုမိန့်ခွင့်ပြုပေးနိုင်ရန် ကော်မတီအဖွဲ့ဝင်များမှဆွေးနွေး၍ ရှမ်းပြည်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၇.၅၉၂) သန်းအပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးထားခဲ့ပြီး ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)