တောင်ကြီး မေ ၈
ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ နေ့စဥ်ဝယ်ယူသုံးစွဲနေကြသော အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးနှုန်းမြင့်တက်မှုမရှိစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်းရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ကုန်ဈေးနှုန်းမြင့်တက်မှုသည် သဘာဝငလျင်ဘေးသင့်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိရာ ယခုအချိန်တွင် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ဆောက်လုပ်ဆောင်ရွက်လျက်ရှိသဖြင့် အိမ်ဆောက်ပစ္စည်းများ လိုအပ်ချက်ရှိရာ ဘိလပ်မြေများကို ဝိသမလောဘသားများက မသာမာသောနည်းများဖြင့် စျေးနှုန်းများမတန်တဆ မြင့်တက်ထုတ်လုပ်ရောင်းချလျက်ရှိပါကြောင်း၊ မည်သူမဆို မိမိတို့ပျက်စီးသွားသော အိမ်များကို အမြန်ဆုံးဆောင်ရွက်လိုပါသော်လည်း သံချောင်းစျေးများ၊ ဘိလပ်မြေစျေးများ၊ မတန်တဆစျေးများဖြင့် ရောင်းချလျက်ရှိသည့်အတွက် ရှမ်းပြည်နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများအပြင် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသည့် ကုန်သည်စက်မှုအသင်းနှင့် ညီနောင်အသင်းများ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ပြည်သူအတွက် ဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ ကုန်စည်စီးဆင်းမှု မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင်လည်း ကုန်စည်စီးဆင်းမှုနောက်မကျစေရေးအတွက် မြန်ဆန်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုန်စည်ပစ္စည်းများ မတန်တဆစျေးဖြင့် မရောင်းချရေး ထိန်းသိမ်းပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ငါးမွေးမြူရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများရှိပါက လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တွန်းအားပေးစေလိုပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ဓာတ်မြေသြဇာလိုအပ်ချက်များကို နိုင်ငံတော်ကဆောင်ရွက်ပေးနေသဖြင့် တောင်သူများလက်ထဲရောက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။
၎င်းနောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်တို့က ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် ကုန်စျေးနှုန်းကို မသာမာသူများမှ အဆမတန်ဆောင်ရွက်ရောင်းချတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူလူထုကိုယ်စား ကြပ်မတ်ပေးရသည့်ဌာနဖြစ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏အခက်အခဲရှိပါက ဆွေးနွေးတင်ပြပေးရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အကြံပြုချက်များကို တင်ပြလိုပါက တင်ပြပေးကြရန်၊ မည်သည့်အကြံပြုချက်ဖြစ်ပါစေ လက်ခံ၍ အကြံပြုတင်ပြပေးကြရန်နှင့် ဝိုင်းဝန်းကြိုးစာပေးကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)