တောင်ကြီး မေ ၇
ကလောမြို့၊ မောမြေဦးပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် Master Plan ဆောင်ရွက်မည့် လုပ်ငန်းတစ်ခုချင်းစီ၏ အဆိုပြု Design များ ရေးဆွဲထားရှိမှုအခြေအနေများရှင်းလင်းခြင်းကို မေလ (၆)ရက်နေ့ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကလောမြို့၊ မောမြေဦးပန်းခြံ အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှင်းလင်းတင်ပြပြီး HIGHLAND OASIS CONSTRUCTION COMPANY LIMITED မှ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စည်ပင်သာယာရေးဌာနအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးကြရန်၊ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများရှိနိုင်ရန်အတွက် ပိုမိုကောင်းမွန်၍ ဆွဲဆောင်မှုရှိဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိဒေသသာယာလှပအောင် ဆောင်ရွက်ရမည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးမှ လာရောက်လည်ပတ်သည့် ဧည့်သည်တော်များ အပန်းဖြေအနားယူနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး အကြံပြုချက်များရှိပါက ဆွေးနွေးပေးကြရန် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသော သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မောမြေဦးပန်းခြံအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးချက်အပေါ် ခိုင်မာသောစာချုပ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ခရီးသွားလုပ်ငန်းအတွက် ဆောင်ရွက်ရန်ရခြင်းဖြစ်ကြောင်း၊ မြို့သာယာလှပရေးအတွက်ဖြစ်ပြီး Master Plan ကို ကျွမ်းကျင်သောပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့် ဆောင်ရွက်မည့် Plan များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ မီးရထားဘူတာရုံသို့သွားရောက်၍ ကလော - ရွှေညောင်ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် ရေနွေးငွေ့စက်ခေါင်း(ကျောက်မီးသွေးသုံး)မီးရထားတွဲအား ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ တိုင်း(၄)တာဝန်ခံမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းမီးရထားဖြစ်၍ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါမည်ဖြစ်သောကြောင့် မီးရထားကို သန့်ရှင်းသပ်ရပ်စွာရှိနေရန်နှင့် ဆေးများပြန်လည်သုတ်ပေးပါက ပိုမိုကောင်းမွန်သွားမည်ဖြစ်ကြောင်းမှာကြားခဲ့ပြီး မီးရထားတွဲများအား လှည့်ကြည့်ရှုစစ်ဆေးခြင်းနှင့် ကလောဘူတာရှေ့ရှိ ကလောချောင်းမြေထိန်းနံရံ ပြုပြင်တည်ဆောက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ရေနွေးငွေ့စက်ခေါင်း(ကျောက်မီးသွေး)သုံးမီးရထားသည် ကလော - ရွှေညောင်သို့ (၃)နာရီကြာ ခုတ်မောင်းရပြီး မိုင်(၇၀)ကို အသွား၊ အပြန် ကျောက်မီးသွေး (၃.၅)တန် ကုန်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောဘူတာရုံရှေ့ရှိ သစ်ပင်ငုတ်များဖယ်ရှာပေးနိုင်ရန်နှင့် ကလောဘူတာရုံရှေ့အဝင်နေရာတွင် ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက်ပေးရန်နှင့် ခန်းမအတွင်းပြသထားသော မှတ်တမ်းဓာတ်ပုံများအားကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီး ကလောမြို့ မောမြေဦးပန်းခြံအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား၍ ကလောအင်းပြင်ရှိ ကလောချောင်းမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောအင်းပြင်ပျိုးဥယျာဥ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကလောမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်များ စိုက်ပျိုးရန်အတွက် လူထုသို့ဖြန့်ဝေပေးမည့် သစ်ပင်များနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပျိုးပင်ထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ဟဲဟိုးမြို့ ဘော်နင်းကျေးရွာအုပ်စုရှိ တစ်ကွင်းတစ်စပ်တည်း ဂေါ်ဖီထုတ်စံပြကွက် (၁၀၀)ဧကနှင့် ဝါးရုံပင်ကျေးရွာရှိ တစ်ကွင်းတစ်စပ်တည်း အာလူးစံပြကွက် (၁၀၀)ဧကအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည်အခက်အခဲများ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်သန်း(တောင်ကြီး)