နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲ တက်ရောက်

တပ်ကုန်း မေ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သင်တန်းသားများအနေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် လက်သမားပညာရပ်များကို မိမိတို့၏ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်သော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ နည်းပြဆရာများ၏ သင်ကြားပြသမှုများကို ဂရုတစိုက်သင်ယူမှတ်သားကြပြီး မိမိပတ်ဝန်းကျင်များကိုလည်း လက်သမားနည်းပညာရပ်များ ပြန်လည်ဖြန့်ဝေပေးနိုင်ရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့က စီမံကိန်းရည်ရွယ်ချက်များ၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လွှ၊ ရေပေါ်စက်အပါဝင် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများ လက်တွေ့လက်သမားပညာရပ်များ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ သင်တန်းတွင် ကျေးရွာငါးရွာမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်၍ သင်တန်းကာလမှာ မေ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ လက်တွေ့သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်