လယ်ဝေး မေ ၈
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကြောင်ရေကျေးရွာ KC တွင် တောင်သူများနှင့်တွေ့ဆုံ၍ နွေသီးနှံ၊ နွေစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက နွေစပါးနှင့်နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ လျာထားချက်စိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ ဆည်မြောင်းစသည့်ဌာနများမှ လိုအပ်သည်များ ဆောင်ရွက်ပေးနေသည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး မှာကြားဆွေးနွေးခဲ့သည်။ ထို့နောက် တည်ဆောက်ရေး ၅ မှ ဦးစီးအရာရှိ ဦးဇော်မျိုးလတ်က စိုက်ပျိုးရေပေးဝေထားရှိမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ကြောင်ရေကျေးရွာအနီး ကွင်းအမှတ် ၁၇၉၃၊ ကြံစိုက်တောင်သူ ဒေါ်သင်းသင်းခက်၏ နဝဒေး(၄) ကြံခင်းသစ်စံပြကွက် ၅ ဧက စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး နောင်ဘိုကျေးရွာအနီး မဒါန်းမြောင်းမကြီးအဆုံးတွင် ဆိုလာပန့် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဒက္ခိဏသီရိမြို့နယ်၊ ခုတင် ၅၀ ဆေးရုံတွင် ဆေးကုသပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)