နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၆/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ်(၆/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စိုက်ဧရိယာများမှာ သီးနှံစုံစိုက်ပျိုးထုတ်လုပ်နေပြီး အထွက်နှုန်းတိုးတက်ရေးအတွက် သီးနှံကာကွယ်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံး၌ တောင်သူများသို့ ပိုးသတ်ဆေးဥပဒေများအား လိုက်နာသုံးစွဲရေး၊ ပိုးသတ်ဆေးလက်လီလက်ကားအရောင်းဆိုင်များအား ပိုးသတ်ဆေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် သေချာစွာစိစစ်စစ်ဆေးခြင်း၊ သင်တန်းပေးခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုးသတ်ဆေးလက်လီလက်ကားဆိုင်များအနေဖြင့် ပိုးသတ်ဆေးများရောင်းချရာတွင် ပိုးသတ်ဆေး ဓာတုဗေဒပစ္စည်းများ၏ ဓာတ်ကြွင်းပမာဏများ သီးနှံတွင် မကျန်ရှိစေရေးအတွက် နည်းစနစ်မှန်ကန်စွာနှင့် ဆောင်ရွက်နိုင်စေရေး၊ သဘာဝပိုးသတ်ဆေးများသုံးစွဲရေးကို အလျင်းသင့်သလို ဆောင်ရွက်နိုင်ရေး၊ သီးနှံဖျက်ပိုးများ၏ သက်ဆိုင်ရာ ပိုးမွှားရောဂါများအလိုက် သင့်တော်မည့် ပိုးသတ်ဆေးများအား နည်းစနစ်တကျ အသုံးပြုတတ်စေရေးနှင့် ပိုးသတ်ဆေးဥပဒေအရ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ် (၆/၂၀၂၅)ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်က လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း၌ သိရှိလိုက်နာရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချခဲ့ပြီးဖြစ်သည့်အတွက် ပိုးသတ်ဆေးကုမ္ပဏီများ၊ လက်လီလက်ကားအရောင်းဆိုင်များအနေဖြင့် မိမိတို့၏ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းခွင်တွင် ပိုးသတ်ဆေးဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန်နှင့် ပိုးသတ်ဆေးသုံးစွဲခြင်းနှင့်ပတ်သက်သည့် ဗဟုသုတ၊ ဆောင်ရန်၊ ရှောင်ရန်များကို တောင်သူများထံသို့ ထပ်ဆင့် အသိပညာပေးဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)