ကွမ်းခြံကုန်း မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့မဈေးကွက်အတွင်းရောင်းချသော ဆန်များအား မေလ ၆ ရက်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာဆန်ဆိုင်များမှ ရောင်းချသည့်ဆန်ဈေးနှုန်းများကို ယခင်တစ်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ရာ ယခင်တစ်ပတ်ထက် အနည်းငယ်မြှင့်တက်ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ရည်ညွှန်းဈေးအတွင်း၌ ရောင်းချနေကြောင်းတွေ့ရှိရပါသည်။ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးကဆန်ဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်းဈေးအတွင်း၌သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တက်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံ ဦးဇော်အေးမင်းနှင့်ပူးပေါင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆွေနွယ်