ကျိုင်းတုံ မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မဲခေါင်ဒေသခွဲ Fire Hotspots ဖြစ်ပေါ်မှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် Fire Hotspots ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာပူးတွဲလုပ်ငန်းစီမံချက် Clear Sky Strategy ဆောင်ရွက်လျက်ရှိပါကြောင်း၊ Fire Hotspots နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ သစ်တောသယံဇာတထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက နယ်စပ်ဖြတ်ကျော်မီးခိုမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်မြို့ The Royal Thai Embassy မှ ပေးပို့လာသော "မမြင်နိုင်သောလူသတ်သမား" Video Clip ကို ပြသပေးခဲ့ကြောင်း သိသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)