ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ရပ်ကွက်ရှိ အတုလမာရ်အောင်ဘုန်းတော်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများပြောကြားရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်းက စစ်ကြောင်းကြီး (၅)ကြောင်း၏ ရည်ရွယ်ချက်များနှင့် ရပ်ရွာများတွင် နေထိုင်ကြသည့် လူငယ်များ၏ အနာဂတ်ကောင်းမွန်စေရေး၊ လွဲမှားသည်အယူဝါဒများမဖြစ်ပေါ် စေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားပြီး ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုဆောင်ရွက်နေမှုများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လယ်ယာမြေဆိုင်ရာကိစ္စရပ်များ၊ လမ်းလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်၊ နိုင်ငံသားစိစစ်ရေးဆောင်ရွက်ပေးနေမှု၊ မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအတွက် ချီးမြှင့်ငွေပေးအပ်နေမှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးခိုးမြူ‌‌ငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြီးငါးကြောင်းက ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)