ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ငလျင်ဘေးဒဏ်သင့် အင်းလေးဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညောင်‌ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့် အင်းလေး‌ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဘုရားကြွလမ်းရှင်းလင်းရေးဆွေးနွေးပွဲသို့တက်ရောက်၍ ပြည်နယ်ဝန်ကြီးက တာဝန်ရှိသူများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကေလာဘုရားဆွဲလှေဆယ်ထုတ်နေမှု၊ ကေလာကျေးရွာဘုရားကြွလမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ငလျင်ဒဏ်သင့်ခဲ့သော ကေလာရွာကျေးလက်ကျန်းမာရေးဆေးပေးခန်း ရှင်းလင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်‌ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းသန့် (ပြည်နယ်၊ပြန်/ဆက်)