တောင်ကြီး မေလ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေး၊ အားကစားသမားအချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိကာ လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်နိုင်ရေး၊ ကျန်းမာကြံ့ခိုင်သော အမျိုးသား/အမျိုးသမီးများအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့်ပြိုင်ပွဲမှ ထူးချွန်သည့် ရွက်ပုန်းသီး အမျိုးသား၊ အမျိုးသမီး အားကစားသမားကောင်းများ၊ ရှမ်းပြည်နယ်အတွက် သွေးသစ်လောင်းပေးနိုင်မည့် အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အားကစားကဏ္ဍကိုကြည့်မည်ဆိုပါက လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူများသာ အောင်ပွဲဆင်နိုင်သည်ကို တွေရပါကြောင်း၊ ပြိုင်ပွဲတွင် “တရားသဖြင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်း ” ဆိုသည့် စိတ်ဓာတ်ထားရှိပြီး “အနိုင်အရှုံးသည် ပဓာနမဟုတ်ဘဲ ယှဉ်ပြိုင်ခြင်းသည်သာအဓိက”ဆိုသည့် ဆောင်ပုဒ်အတိုင်း ယှဉ်ပြိုင်မှုတိုင်းကို အလေးထားယှဉ်ပြိုင်ကြရန်မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ လွိုင်လင်ခရိုင် အမျိုးသားဘော်လီဘောအသင်းနှင့် တောင်ကြီးခရိုင် အမျိုးသားဘော်လီဘောအသင်းတို့ယှဥ်ပြိုင်နေမှုကို တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ ကလော၊ မိုင်းဆတ်ခရိုင်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၇ သင်း၊ အမျိုးသမီး ၇ သင်းတို့က မေလ ၇ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)