မြစ်ကြီးနား မေ ၇
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးအတွက် Grade -12 ကျောင်းသား/ ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်းများ၌ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ်၌ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် သွားရောက်ခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက တက္ကသိုလ်ပင်မဆောင်အပါအဝင် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဘွဲ့နှင်းသဘင်ခန်းမဆောင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကူညီဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များက ကျောင်း၌ စခန်းသွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိသည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ စာသင်ဆောင်များ၊ ထမင်းစားဆောင်နှင့် အိပ်ဆောင်များ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ကျောင်းစာသင်ခန်းများအတွင်း စခန်းသွင်းထားရှိသည့် Grade -12 ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများ ဦးစီး၍ သင်ကြားပို့ချပေးနေမှု အခြေအနေများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ Grade-12 ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေမှုများကိုလည်းကောင်း၊ အလားတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌လည်း မြစ်ကြီးနားမြို့နယ်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်း၍ သင်ကြားသင်ယူမှုလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထမင်းစားဆောင်၊ အိပ်ဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်အချိန်ဇယားအလိုက် သင်ကြားဆောင်ရွက်သွားမည့် အစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ သင်ကြားနိုင်ရေးနှင့် စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပမ္မတီးရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ Grade-12 ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းထားရှိမှုအခြေအနေများနှင့် စာသင်ခန်းများအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရခြင်းသည် ပိုမိုကောင်းမွန်သည့် အခွင့်အရေးပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ/ ဆရာမကြီးများ၏ သင်ကြားမှုကို ကြိုးစားသင်ယူပြီး အောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ အဆိုပါ ကျောင်းစာသင်ဆောင်များရှိ Grade-12 ကျောင်းသား/ကျောင်းသူများအတွက် အိပ်ဆောင်များ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထမင်းစားဆောင်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၂) ခုဖွင့်လှစ်၍ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၈၆၉၈)ဦး ဖြေဆိုခဲ့ကြပြီး ယခုဒုတိယအကြိမ် အဆိုပါကျောင်းသား/ ကျောင်းသူများအားလုံး ပြန်လည်ဖြေဆိုနိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ချီဖွေ၊ တနိုင်းမြို့နယ်များမှ Grade-12 ကျောင်းသား/ ကျောင်းသူများအား အခြေခံပညာကျောင်း (၉) ကျောင်း၌လည်းကောင်း၊ မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့၊ မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့ရှိ အခြေခံပညာကျောင်း (၆) ကျောင်း၌လည်းကောင်း၊ ရွှေကူမြို့၌လည်းကောင်း၊ ပူတာအိုခရိုင်အတွင်း ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့တို့၌လည်းကောင်း စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)