နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ၊ ရေပိုက်လိုင်းများနှင့် လမ်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မေလ ၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံနှုန်းနှင့်အညီ စနစ်တကျပြုပြင်ရေး၊ သောက်သုံးရေများအမြန်ဆုံးရရှိအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်(၂)အနီး ရေပေးဝေရေးပိုက်လိုင်းများ ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်(၂၁၈/၇)၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများမှ ဖယ်ရှားရှင်းလင်းထွက်ရှိလာသည့် အုတ်ခဲကျိုးနှင့် ကွန်ကရစ်ကျိုးများစွန့်ပစ်ထားရှိမှုအခြေအနေများနှင့် စက်ယန္တရားများဖြင့် စနစ်တကျရှင်းလင်းနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လမ်းပခုံးသား‌ပေါ်တွင် စွန့်ပစ်မှုမရှိစေရေး၊  သွားလာနေသည့်ယာဉ်များ အန္တရာယ်မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် ရတနာအောင်မြေလမ်းများအား စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းများရေရှည်တည်တံ့ခိုင်မြဲစေရေး၊ လမ်းနိမ့်ကျမှုများ၊ အက်ကွဲမှုများမဖြစ်ပေါ်စေရေး၊ ကျောက်များအား သတ်မှတ်အရွယ်အစားများအတိုင်း အသုံးပြုရေး၊ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်‌ရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊  ချယ်ရီအိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်ဦများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်(တာမိုးညဲမြို့)က အလှူငွေ ကျပ်သိန်းနှစ်ရာအား လာရောက်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)