မူဆယ်မြို့ မျိုးဆက်သစ်အားကစားသမားများ၏ ဒုတိယအကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မူဆယ် မေ ၇

မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌက ကြီးမှူးပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက စီစဉ်ကျင်းပသည့် မျိုးဆက်သစ်အားကစားသမား အမျိုးသားများ၏ ဒုတိယအကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို မေလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ တွဲဆိုင်း  (၉) ဆိုင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား ၄၈ ကီလိုတန်းတွင် ကျော်စံထွေး (ပန်းဆေး)နှင့် ညီထက်ပိုင်(လုံခန်-ခ)၊  ၅၁ ကီလိုတန်းတွင် ဖြိုးထက်ကျော်(မြို့မ-၃)နှင့် ခမ်းဒီး(မြို့မ-၂)၊ ၅၄ ကီလိုတန်းတွင် ဟိန်းထက်ကျော်(တာမိုးညဲ)နှင့် အောင်မျိုးသူ (မြို့မ-၃)၊ ၅၇ ကီလိုတန်းတွင် ကျော်မျိုးဦး(Energy)နှင့် နော်လီအောင်(မန်ဂျယ်)၊  ၆၀ ကီလိုတန်းတွင် ထွန်းမြတ်နိုင်(မြို့မ-၂-က)နှင့် ချစ်ကိုကို(မြို့မ-၄)၊ ၆၃.၅ ကီလိုတန်းတွင် ဂျိုးဇက်(Energy)နှင့် ထူးမြတ်ဟန်(မြို့မ-၄)၊ ၆၇ ကီလိုတန်းတွင် ရိန်ဂျာလ(မြို့မ-၂-က)နှင့် နိမ်ဂျားအောင်(မြို့မ-၃)၊ ၇၁ ကီလိုတန်းတွင် အောင်ဇင်ဝင်း (Energy)နှင့် လာဝမ်(Pay Ton)တို့၏  ပွဲစဉ်များတွင် သုံးချီပြည့်ထိုးကြသော်လည်း  ဒိုင်(၅)ဦးအနက် (၃)ဦး၏အမှတ်ဖြင့် ဆုံးဖြတ်ကြကာ ညီထက်ပိုင်(လုံခန်-ခ)၊ ခမ်းဒီး(မြို့မ-၂-က)၊ အောင်မျိုးသူ(မြို့မ-၃)၊ နော်လီအောင်(မန်ဂျယ်)၊ ချစ်ကိုကို(မြို့မ-၄)၊ ဂျိုးဇက်(Energy)၊ နိမ်ဂျားအောင်(မြို့မ-၃)၊ လာဝမ် (Pay Ton)တို့ကို အနိုင်ပေးလိုက်ကြောင်းနှင့် ၇၅ ကီလိုတန်းတွင် အာကာဝင်းကို (Energy)နှင့် မျိုးကိုကိုဦး(တာမိုးညဲ)တို့သည် သူတင်ကိုယ်တင်အချီပြည့်ထိုးကြရာ ဒိုင်(၅)ဦးက အမှတ်ဖြင့် ဆုံးဖြတ်ကြကာ မျိုးကိုကိုဦး(တာမိုးညဲ)ကို အနိုင်ပေးခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲစဉ်များအပြီးတွင် မူဆယ်ခရိုင်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက တံခွန်စိုက်ဒိုင်းဆုရရှိသည့် မြို့မ(၃)အသင်းအား ဆုတံဆိပ်နှင့် ဆုငွေကျပ် (၁၀)သိန်းကိုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးက ဆုရရှိသည့်အားကစားသမားများအား ဆုတံဆိပ်နှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ချယ်ရီမြေ(မူဆယ်)