ပင်လောင်း မေ ၇
ကမ္ဘောဇ(KBZ)ဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် ငလျင်ဘေးကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့တို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ငလျင်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အသုံးဆောင်များကို ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘက်စုံသုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကမ္ဘောဇ(KBZ)ဖောင်ဒေးရှင်းမှ တာဝန်ရှိသူနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် တာဝန်ရှိသူတို့က ငလျင်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းစဉ်များ၊ ထောက်ပံ့လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြပြီး ကမ္ဘောဇ(KBZ)ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ပင်လောင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်း (၃၀)ကျောင်းအတွက် ငွေကျပ်သိန်း (၄၄၀)နှင့် ဘိလပ်မြေများ၊ ပင်လောင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လုံးဝပျက်စီးသည့် နေအိမ် (၉၆) အိမ်အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ၊ တစ်ပိုင်းတစ်စပျက်စီးသည့် နေအိမ်များအား ဘိလပ်မြေများပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဒေသခံပြည်သူများက လက်ခံရယူပေးခဲ့ကြကြောင်း၊ ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘောဇ(KBZ)ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက နန်းပန်ကျေးရွာ ငလျင်လှုပ်ခတ်မှုကြောင့် လုံးဝပျက်စီးသည့် နေအိမ်များအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ၊ တစ်ပိုင်းတစ်စပျက်စီးသည့် နေအိမ်များအတွက် ဘိလပ်မြေများကို ပြည်သူများထံ သွားရောက်ပေးအပ်ကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများအတွက် စာသင်ကျောင်းများပြုပြုင်ရန် ထောက်ပံ့ငွေနှင့် ဘိလပ်မြေ (၂၂၁၅)အိတ်၊ စားနပ်ရိက္ခာအသုံးအဆောင်ပစ္စည်းများ စုစုပေါင်း ၁၀၃,၂၀၈,၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘောဇ(KBZ)ဖောင်ဒေးရှင်းနာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက နောင်တရားမြို့၌ သီးနှံသိုလှောင်အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)