ဇေယျာသီရိ မေ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဇေယျာသီရိမြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းတွင် ဂျီဒီပီတိုးတက်မှုန်းနှုန်းကို ၃.၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း၊ အဆိုပါရည်မှန်းချက်ပြည့်မီစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း စီးပွားရေးဖွံဖြိုးတိုးတက်ရန်အတွက် ဒေသတွင်းထုတ်လုပ်မှုလုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုတိုးတက်မှ စားရေရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျယ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးပေးဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ယခင်နှစ်များ၏ အခက်အခဲများနှင့် အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေးကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဒေသအတွင်း လျင်လျင်မြန်မြန် တိုးတက်မှုရရှိစေရန် အလားအလာရှိသော MSME လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပသို့ တင်ပို့နိုင်မည့် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကိုလည်း တွန်းအားပေးဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန္ဒက နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက နှစ်စဉ်စီမံကိန်းရည်မှန်းချက်များဖြစ်သည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)