ရန်ကုန် မေ ၇
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် ဘရာဇီးလ်နိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ 5820 Kg တင်ဆောင်လာသည့် Korean Air လေကြောင်း၊ ခရီးစဉ်အမှတ် KE489၊ လေယာဉ်အမှတ် HL7554 ၊ လေယာဉ်အမျိုးအစား Airbus A330-300 သည် မေလ (၅) ရက်နေ့ ည (၇) နာရီ (၃၀) မိနစ်က ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
ထိုသို့ ရောက်ရှိလာသည့် ဘရာဇီးလ်နိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ 5820 Kg အား ယနေ့နံနက်ပိုင်းက လွှဲပြောင်းလက်ခံရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes နှင့် တာဝန်ရှိသူများထံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းလက်ခံခဲ့သည်။
အဆိုပါ ရောက်ရှိလာသည့် ဘရာဇီးလ်နိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ 5820 Kg အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ပြီး ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)