ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဗုဒ္ဓဝံသဒီပလိုမာတန်းရွှေတံဆိပ်ဆုဆိုင်ရာ အာဂုံရွတ်ဆိုပူဇော်ပွဲကျင်းပ

ရန်ကုန် မေ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဗုဒ္ဓဝံသဒီပလိုမာတန်းရွှေတံဆိပ်ဆုဆိုင်ရာ အစိန္တေယျဘုရားအာဂုံရွတ်ဆိုပူဇော်ပွဲနှင့် ခက်ဆစ်ရေးဖြေဖြေဆိုပူဇော်ပွဲအခမ်းအနားကို မေ ၄ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာအာဂုံဖြေဆိုပူဇော်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ပဏ္ဍိတဘိက္ခု အမှူးပြုသည့် ဆရာတော်များ၊ စာထောက်၊ စာမဆရာတော်များ ကြွရောက်တော်မူကြပြီး ဒီပလိုမာတန်းရွှေတံဆိပ်ဆုရွေးချယ်ရေး ဆပ်ကော်မတီဆိုင်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ထို့နောက် ဗုဒ္ဓဝံသဒီပလိုမာတန်း ၄/၂၀၂၄ အွန်လိုင်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်သူ ၃၂ ဦးက ရွှေတံဆိပ်ဆုဆိုင်ရာ အစိန္တေယျဘုရားရှိခိုး (အစမှ အဆုံးထိ) အာဂုံရွတ်ဆိုပူဇော်ခြင်းနှင့် ခက်ဆစ်ရေးဖြေ ဖြေဆိုပူဇော်ခြင်းတို့ကို ကျင်းပကြရာ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ပဏ္ဍိတဘိက္ခုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး အာဂုံရွတ်ဆိုပူဇော်သူများအား အသိအမှတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ယခု ဖြေဆိုပူဇော်သည့် အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အာဂုံရွတ်ဆိုပူဇော်ပွဲနှင့် ခက်ဆစ်(ရေး/ဖြေ)ဖြေဆိုရာတွင် အလုံးစုံမှန်ကန်ခြင်း၊ ပီသရှင်းလင်းပြတ်သားခြင်း၊ နာပျော်ဖွယ်ကောင်းခြင်း စသည့်အကဲဖြတ်စည်းမျဉ်းများအရ ရွှေတံဆိပ်ဆုရှင်ကိုရွေးချယ်ကာ မေ ၂၉ ရက်တွင် ကျင်းပမည့် ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ရွှေတံဆိပ်ဆုကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)