ရန်ကင်းမြို့နယ်၌ တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ရန်ကင်း    မေ     ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော  ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရန်ကင်းမြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍ ပြောင်းရွေ့ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် တစ်လငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လစာအတွက် တစ်ဦးလျှင် ၄၀၀၀၀/-ကျပ်အား အိမ်ထောင်စု( ၂၄၀)စုလူဦးရေ( ၉၀၀ ) ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၆၀)သိန်းအား လက်ဝယ်အရောက်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

လှလှထွေး