ဒဂုံအရှေ့ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အမှတ်(၁၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်အေးအေးအောင် ခေါင်းဆောင်သောအဖွဲ့(၃)သည် အမှတ်(၁၅၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးကျော်ဝင်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အသက်၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ