မိတ္ထီလာ မေ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် တက်ရောက်လာကြသူများက မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စံပြအမြန်လမ်းမီးသတ်စခန်း ပထမဆုရရှိခဲ့သည့် သီးကုန်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ ထို့နောက် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုကို တာဝန်ရှိသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)