ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပင်းတယ မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ လျာထားချက်ထက်ပိုမိုကျော်လွန်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်တတ်စေရန်၊ (၁)ဧကအထွက်နှုန်းမြင့်မား၍ ပန်းတိုင်ရည်မှန်းချက်များရရှိပြီး ဆီဖူလုံမှုရရှိစေရန်နှင့် နည်းပညာပေးလုပ်ငန်းများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်စေရန်၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ (GAP)လိုက်နာကျင့်သုံးဆောင်ရွက်တတ်စေရန်နှင့် စံပြကွက်၊ စမ်းသပ်ကွက်များ အောင်မြင်အောင်ဆောင်ရွက်ရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးမှူးတို့က ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လျာထားဆောင်ရွက်နိုင်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မိုင်းအင်ခြံဦးစီးမှူးနှင့် မြင်းကျဒိုးခြံဦးစီးမှူးတို့က စိုက်ပျိုးခြံလုပ်ငန်းများနှင့်ပတ်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ တာဝန်ခံတစ်ဦးက ကျောင်း၏ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့်က လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)