မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် မေ ၆

မွန်ပြည်နယ်မော်လမြိုင်မြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၁၁-၅-၂၀၂၅) ရက်နေ့၊ ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သည့် နေ့ထူးနေ့မြတ်တွင်  မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်အား ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာများဆက်ကပ်ခြင်း၊ မျက်နှာတော်ကို ရောင်တော်ဖွင့်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ(၈)ရပ်ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ကဆုန်လပြည့်နေ့တွင် (ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ နန်းနိဗ္ဗာန်) ဆိုသည်နှင့်အညီ ဗုဒ္ဓရှင်ဘုရားနှင့်စပ်လျဉ်း၍ အလွန်ထူးခြားသည့် ဗုဒ္ဓဝင်မှတ်တိုင်ကြီးများကို အခိုင်အမာစိုက်ထူခဲ့သည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း၊ မဟာသိဒ္ဓိဇယကုန်းမြေပေါ်ရှိ ဗောဓိပင်အား ညောင်ရေသွန်းလောင်းလှူပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် လိုအပ်သည်များ ဆွေးနွေးတင်ပြ အကြံပြုပြောကြားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)