ကျောက်ဆည်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

​ကျောက်ဆည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဖွင့်လှစ်ခွင့်တင်ပြသထားသည့် လက်ဖက်ရည ဆိုင်များနှင့်စားသောက် ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးရာတွင်  လက်ဆေးကန်၊ ရေစင်နှင့် လက်ဆေးဆပ်ပြာများ၊ နှာခေါင်းစည်းများ၊ ထားရှိ ပေးခြင်း၊ အပူချိန်တိုင်း ကိရိယာအသုံးပြုခြင်း၊ စားသုံးသူများသုံးစွဲမည့် စားပွဲ၊ ကုလားထိုင်များအား အကာအကွယ်များထားရှိမှုနှင့် စားသောက်ရာတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာဖြစ်စေရေးအတွက် ခင်းကျင်း ပြင်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်လမ်းညွှန်ထားသည့် အချက်များနှင့် ကိုက်ညီသည့်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လမ်းညွှန်ထားသည့် စည်းကမ်းချက်များနှင့် ညီညွှတ်မှုမရှိသည့်ဆိုင်များ ကိုလည်း လိုအပ်သည်များ ထပ်မံပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပြီးစီးသွားပါက ထပ်မံစစ်ဆေးသွား မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ  သိရှိရသည်။

         

သက်မောင်