ညောင်ရွှေ မေ ၅
မန္တလေးငလျင်ဒဏ်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နေရာအရောက် သွားရောက်တွေ့ဆုံ နှစ်သိမ့်ဆွေးနွေးခြင်းကို ယမန်နေ့တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ အိုင်ထောင့်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများအား အစုအဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း မေးမြန်းဆွေးနွေး နှစ်သိမ့်အားပေးစကားများပြောကြား၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် အင်းလေးကန်အတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ