စဉ့်ကိုင် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပဖြေဆိုမည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြန်လည်ဖြေဆိုရန် ဆန္ဒရှိသည့်ကျောင်းသား/ကျောင်းသူများအား မေလ(၂)ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ၄-၅-၂၀၂၅ ရက်နေ့ စာရင်းအရ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုရန် ဆန္ဒရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားစေရန် အ.ထ.က (စဉ့်ကိုင်)တွင် (၃၃၈)ဦး၊ အ.ထ.က(ဆည်ရွာ)တွင်(၃၆)ဦး၊ အ.ထ.က (ဟင်းငူ)တွင် (၃၁)ဦး၊ အ.ထ.က(ဘယ်လင်း)တွင်(၅၄)ဦး၊ အ.ထ.က(ပလိပ်)တွင် (၄၄)ဦး၊ အ.ထ.က(စွန်ရဲ)တွင် (၂၇)ဦး၊ အ.ထ.က(ခွဲ) (ကြက်မျှား)တွင် (၁၇)ဦး၊ အ.ထ.က(ခွဲ)(ဧည့်ပြ)တွင် (၃၃)ဦး၊ အ.ထ.က(ခွဲ) (ထန်းတော)တွင်(၃၁)ဦး၊ အ.ထ.က(ခွဲ) (တဘက်ဆွဲ)တွင် (၆)ဦး၊ အထက(ခဲ) (ရှမ်းကန်)တွင် (၃)ဦး၊ အ.ထ.က(ခွဲ) (ရွာဘို)တွင် (၁၇)ဦး၊ အ.ထ.က(ခွဲ) (စော်ရဲ)တွင် (၃၂)ဦး၊ အ.ထ.က(ခွဲ) (နတ်ရေကန်)တွင် (၁၂)ဦး၊ ပညာစံအိမ် ကိုယ်ပိုင်ကျောင်းတွင် (၇၉)ဦး၊ မြတ်စေတနာ ကိုယ်ပိုင်ကျောင်းတွင် (၂၆)ဦး၊ လင်းရောင်သစ် ကိုယ်ပိုင်ကျောင်းတွင် (၉၅)ဦးနှင့် ရွှေပညာသစ် ကိုယ်ပိုင်ကျောင်းတွင် (၇၈)ဦး ကျောင်းတွင်း ပြန်လည်ဖြေဆိုမည့်ကျောင်းသား/ ကျောင်းသူ (၉၆၁) ဦးတို့နှင့် ပြင်ပ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၂၇၅)ဦး စုစုပေါင်း ပြန်လည်ဖြေဆို မည့် ကျောင်းသား၊ ကျောင်းသူ (၁၂၃၆)ဦးတို့အား Day Camp စခန်းများ ဖွင့်လှစ်၍ ဆက်လက်လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ လေ့ကျင့်သင်ကြားလျက်ရှိသော ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပြန်လည်လေ့ကျင့်နိုင်ရန် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်မှ ပါမောက္ခဆရာ/ ဆရာမများ၊ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာများနှင့် တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)