ညောင်ဦး မေ ၅
မေလ ၅ ရက်နေ့၊ ယနေ့ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မေ ၅ ရက်၊ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင်ပြင်းအား ၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ အလွန်အရှိန်ပြင်းသည့် မြေ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးသွားသူများနှင့်ပျက်စီးဆုံးရှုံးရမှုများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ အခမ်းအနားတက်ရောက်လာသူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။
ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားသည်။ ထို့နောက် ခရိုင်နှင့်မြို့ နယ်မီးသတ်ဦးစီးဌာနသို့ ကူညီပံ့ပိုးခဲ့ကြသော ပုဂ္ဂိုလ်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေး နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ပြီးနောက် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များအား ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဒီပါလင်း