ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ မေ ၅

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက် တာဝန်(၄)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းဆိုသည်မှာ ပြီးပြည့်စုံသည်ဟူ၍မရှိကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်း နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်အချက်များကိုနားလည် သဘောပေါက်အောင် အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန်လိုသကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ ရပ်တည်ချက်များ၊ ရည်မှန်းချက်တာဝန်များနှင့် ဥပဒေပါပြဌာန်းချက်များကိုကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်လည်း အထူးလိုအပ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ် ဖြစ်စဉ်များနှင့်ပတ်သက်၍ သာဓကအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖုန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် ဒေသများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာန၏ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ဆောင်ရွက်သွားရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင် များ၏ဂုဏ်ဒြပ်ကို လေးစား ဂုဏ်ယူပြီး မြန်မာပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများကို စောင့်ရှောက်ကာကွယ်နိုင်သောတပ်ဖွဲ့ကြီးအဖြစ် နှစ်ပေါင်းများစွာ အဓွန့်ရှည်အောင်ကြိုးစား တည်ဆောက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက စံငါးရပ်နှင့်ပြည့်စုံသည့် တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြု ဗွီဒီယို မှတ်တမ်းအားပြသပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာ များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များအတိုင်း သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များကို အချိတ်အဆက်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင် အထည်ဖော်ကြရန်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပပို့ကုန်တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်တွင်း၌လိုအပ်သည့် ကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်သည့်အမျိုးသား ပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅)နှင့် ချိတ်ဆက်ရေးဆွဲဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော် ရန်လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြီးစီး နိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက  စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ အစည်းအဝေးခန်းမ၌ ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)