ချမ်းအေးသာစံ မေ ၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏ နှစ်စဉ်တိုးတက်လျက်ရှိပြီး သောက်သုံးရေနှင့်စိုက်ပျိုးရေများအတွက် ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးနှင့် ရေဖူလုံမှုရှိစေရေးအတွက် ရေအရင်းအမြစ်များကို အခြေခံ၍ ရေသိုလှောင်နိုင်မှုနှင့် ရေတိုးချဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် ပြင်ဦးလွင်မြို့နယ် ရေသရောက်ကုန်း ကျေးရွာအနီး ရေဆင်းဧရိယာ ၄၀ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၁၈၀၀၀ ဧကပေရှိ ဂဲလောင်းချောင်းပေါ်ရှိ အဆိုပြုနေရာသို့ လည်းကောင်း၊ ပင်တီးကျေးရွာအနီး ရေဆင်းဧရိယာ ၁၃.၈၀ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီး ဝင်ရေ ၆၂၀၀ ဧက ပေရှိ သဗြိုက်ချောင်းပေါ်ရှိ အဆိုပြုနေရာသို့လည်းကောင်း၊ ရွှေသင်းကျေးရွာအနီး ရေဆင်းဧရိယာ ၆.၉၄ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၃၁၂၀ ဧကပေရှိ ရေပျံချောင်းပေါ်ရှိ အဆိုပြုနေရာသို့လည်းကောင်း၊ ခွန်လိန်ကျေးရွာအနီး ရေဆင်း ၇.၈၆ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၃၆၃၇ ဧကပေရှိ ဆင်ဖြူချောင်းပေါ်ရှိ အဆိုပြုနေရာသို့ လည်းကောင်း၊ တွင်းငယ်ကျေးရွာအနီး ရေဆင်း ဧရိယာ ၁.၁၅ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၅၀၀ ဧကပေရှိ စည်သာချောင်းပေါ်ရှိ အဆို ပြုနေရာသို့လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နောင်ခမ်းကြီးရပ်ကွက်အနီး ရေဆင်းဧရိယာ ၆.၆၃ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေ ၇၀၀၀ ဧကပေရှိ ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိပြီး ပြင်ဦးလွင်မြို့တွင် နေထိုင်လူဦးရေတိုးပွားလာမှုအတွက် ရေပိုမိုပေးဝေနိုင်ရန် ဆင်လမ်းဆည်အား ယခင်ရေလှောင်ပမာဏ ၃၇၂၆ ပေမှ ၃၇၂၈ပေအထိ ရေလှောင်ပမာဏ နှစ်ပေမြှင့်ရေသိုလှောင်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့တွင်းသို့ လက်ရှိ အချင်း ၁၂လက်မ ပိုက်လိုင်းသွယ်တန်း၍ တစ်နေ့ ရေဂါလံ ၁.၅သန်း ဖြန့်ဝေပေးရာမှ ယခုအခါ အချင်း ၁၂ လက်မပိုက်လိုင်း ဖြင့် တစ်လိုင်းထပ်မံတိုးချဲ့၍ တစ်နေ့ ရေဂါလံ ၁.၂သန်း တိုးမြှင့်ဖြန့်ဝေပေးသွား ရန်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါနေရာများသို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက ပြင်ဦးလွင် မြို့နယ်တွင် တည်ဆောက်ပြီး တမံ ၄ ခု မှ စိုက်ပျိုးရေ နှင့် မြို့ပြသောက်သုံးရေများ အဓိကပေးဝေ လျက်ရှိပြီး ဂဲလောင်ချောင်း နှင့် သဗြိုက်ချောင်းတို့ပေါ်တွင် ကျေးရွာရေလွှဲဆည်ငယ်များ တည်ဆောက်၍ စိုက်ပျိုးရေပေးဝေမှုကိုဆောင်ရွက်နေမှုနှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရှိစေရေးအတွက် ဖြစ်မြောက်နိုင်စွမ်းရှိမည့်ဆည်၊တမံများ တည်ဆောက်နိုင်မှုအခြေအနေကို လေ့လာရန်အတွက် ရေအရင်းအမြစ်များစူးစမ်းလေ့လာရေး ဦးဆောင်ကော်မတီနှင့် အဖွဲ့ဝင်များဖွဲ့စည်းပြီး ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ခဲ့မှုနှင့် တွေ့ရှိချက်များ၊ ပြင်ဦးလွင်မြို့နယ်အတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှု၊ သောက်သုံးရေလိုအပ်ချက်အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့နယ်အတွင်း လက်ရှိနေထိုင်လျက်ရှိသော လူဦးရေအပြင် နောင်အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်မည့် လူဦးရေများအတွက် ရေဖူလုံမှုရှိစေရန်ရရှိနိုင်မည့် ရေအရင်းအမြစ်များအား စူးစမ်းလေ့လာရှာဖွေပြီး ရေပေးဝေရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် သောက်သုံးရေဖူလုံမှုရှိလာမည့်အပြင် စိုက်ပျိုးရေအတွက်ပါ တိုးတက်ပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမို ဖွံ့ဖြိုးလာနိုင်ပြီး လူမှု၊ စီးပွား၊ ဘဝ တိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်ပြီးမြောက်အောင် သက်ဆိုင်ရာဌာနများ အချင်းချင်းချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆)ရှိ ကန်တော်လေးသို့ ရောက်ရှိပြီး ရေဝင်ရောက်မှု အခြေအနေနှင့် ကန်တော်လေးဝန်းကျင်တွင် အများပြည်သူ အနားယူအပန်းဖြေနိုင်ရန် မြေယာရှုခင်း ဆောင်ရွက်သွားမည့် အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် တိုးဂိတ်သို့ရောက်ရှိပြီး တိုးဂိတ်မှတာဝန်ရှိသူအား တိုးဂိတ်အနီး ဝန်းကျင် ဖုန်ထခြင်းများမဖြစ်ပေါ်စေရေး လမ်းအားရေဖြန်းခြင်း၊ လမ်းရေဆေးခြင်းများ ဆောင်ရွက်သွားရန်နှင့် လမ်းဘေးဝဲယာ တစ်လျှောက်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ဖောက်လုပ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်