လှိုင်သာယာ(အနောက်)မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအဝစား (၁၀၀၀)ကျပ်တန်ထမင်းရောင်းချ

လှိုင်သာယာ(အနောက်) မေ ၄

အခြေခံလူတန်းစားများအတွက် ရွှေမန်းလူမှုဘဝ​မြှင့်တင်ရေး ပရဟိတအဖွဲ့နှင့်မိတ်ဆွေ အပေါင်းအသင်းများစုပေါင်း၍အဝစား(၁၀၀၀)ကျပ်တန် ထမင်းရောင်းချပေးခြင်းကိုယနေ့ နံနက်ပိုင်း(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပဒံရပ်ကွက်၊ သမကုန်းမီးပွိုင့် အနီးတွင် စတင်ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲသို့ လှိုင်သာယာမြို့နယ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ ရွှေမန်းလူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့၏ သြဝါဒဆရာတော် အရှင်သူမြတ်ကြွရောက်လာပြီး အောင်သပြေဖြင့် ဖက်ဖျန်းပေးသည်။ (၁၀၀၀)ကျပ်တန်ထမင်းရောင်းချပေးခြင်း အစီအစဥ်ကို ရွှေမန်းလူမှုဘဝ မြှင့်တင်ရေးပရဟိတဥက္ကဋ္ဌ ဦးကျော်သူဝင်း(ဦးရွှေမန်း)ဦးဆောင်၍ မိတ်​​ဆွေအပေါင်းအသင်း များက ဆရာတော်ဘုရား၏သြဝါဒကိုခံယူကာ ရုံး၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ရက်တွင် အစိုးရဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအတွက် တစ်နေ့တာ လုပ်အားခမှ အသုံးစရိတ်လျော့နည်းစေရန် ရည်ရွယ်၍ စေတနာထက်သန်စွာဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ယင်းရောင်းချပေးခြင်းအား စားသုံးလာသူများ စိတ်ချမ်းသာစွာ စားသုံးနိုင်စေရန် ဦးရွှေမန်းနှင့်ဇနီး ဒေါ်နီလာဝင်း အပါအဝင် ရွှေမန်းလူမှုဘဝ မြှင့်တင်ရေးအဖွဲ့တို့က စားပွဲထိုးပေးခြင်း လိုအပ်သည်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးကြပြီး စာသုံးလာသူများကို နောက်အပတ်တို့တွင်လည်း လာရောက်အားပေးလာကြရန် ဖိတ်ခေါ်​ပေးကြသည်။

ယင်းသို့ (၁၀၀၀)ကျပ်တန် ထမင်းရောင်းပေးခြင်းကို လှိုင်သာယာမြို့နယ်တွင် ရွှေမန်းလူမှုဘဝ မြှင့်တင်ရေးပရဟိတအဖွဲ့က ပထမ​ဆုံးအကြိမ် ဖွင့်လှစ်ရောင်းချပေးခြင်းဖြစ်ပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်သန်း