မိုးညှင်းမြို့နယ်သို့ အခြားဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အခက်အခဲရှိသော ကျောင်းသား/သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအပ်

မိုးညှင်း မေ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သို့ အခြားဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်ဝင်ရောက်စဉ် လိုအပ်လျက်ရှိသည့် အသုံးအဆောင်ပစ္စည်းများကို ယနေ့မွန်းတည့် (၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ တာဝန်ရှိသူများမှ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ကျောင်းသား၊ ကျောင်းသူများအား စိတ်အားငယ်မှုမရှိစေဘဲ စာကိုတစိုက်မတ်မတ် ကြိုးစားဖြေဆိုစေလိုကြောင်း၊ စခန်းသွင်းလေ့ကျင့်ဝင်ရောက်စဉ်အတွင်း ဆရာ၊ ဆရာမများမှ ပြန်လည်သင်ကြားပို့ချမှုများကို ဂရုတစိုက် ကြိုးစားသင်ယူစေလိုကြောင်းနှင့် ဇွန်လ(၁၆)ရက်နေ့တွင် ပြန်လည်ကျင်းပမည့် စာမေးပွဲကို ထူးချွန်အောင်မြင်အောင် ကြိုးစားဖြေဆိုသွားကြစေလိုကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း အဆိုပါထောက်ပံ့အစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အသီးသီးအားပေးစကားများ ပြောကြားကြပြီး မိုးညှင်းမြို့နယ်သို့ အခြားဒေသများမှ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးအား စခန်းသွင်းလေ့ကျင့် ဝင်ရောက်စဉ် လိုအပ်လျက်ရှိသည့် စောင်၊ ခြင်ထောင်၊ အပ်ယာခင်း၊ ခေါင်းအုံး၊ မျက်နှာသုတ်ပုဝါ၊ စာရေးကရိယာပစ္စည်းများ၊ ကျောင်းဝတ်စုံအပြင် အခြားလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းအလိုက် လက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း