ပူတာအို မေ ၄
၂၀၂၅ ခုနှစ် မတ်လတွင်စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုမည့်(Grade-12)ကျောင်းသား၊ ကျောင်းသူများအား ပူတာအိုစာစစ်ဌာနအား အ.ထ.က(ပူတာအို)ကျောင်း၊ မချမ်းဘောစာစစ်ဌာနအား အ.ထ.က(လေယာဉ်ကွင်း)ကျောင်း၊ နောင်မွန်စာစစ်ဌာနအား အ.ထ.က(ဒုတ္ထန်)ကျောင်းတွင် Camp သွင်းလေ့ကျင့်မည်ဖြစ်၍ စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အလှူရှင်များ၏လှူဒါန်းမှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ ဆီပေးအပ်ရခြင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် အားပေးစကားပြောကြားပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်ဇနီး၊ ပူတာအို တပ်နယ်မှူး ဗိုလ်မှူးကြီးရဲဟိန်းနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ပူတာအိုခရိုင်အတွင်းရှိ စာစစ်ဌာန(၃)ခုမှ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူ စုစုပေါင်း(၆၄၇)ဦးအတွက် ဆန်(၂၄)ပြည်အိတ်(၅၁)အိတ်၊ ဆီ(၃)ပိဿာဘူး (၂၅)ဘူးတို့အား အသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပူတာအိုခရိုင်အားကစားကွင်း၌ ဖွင့်လှစ်သည့် ဘောလုံး၊ Fitness Dance၊ ဘော်လီဘော နွေရာသီ အားကစားသင်တန်းသို့ သွားရောက်ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူးဖြူးမောင်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားကာ ပြည်နယ်ဝန်ကြီးနှင့်ဇနီးက သင်တန်း(၃)မျိုးအတွက် အားကစားဝတ်စုံများကိုလည်းကောင်း၊ သင်တန်းအုပ်ချုပ်သူနှင့်နည်းပြများအား ချီးမြှင့်ငွေ(၁၀)သိန်းကိုလည်းကောင်း၊ သင်တန်းသား/သူ စုစုပေါင်း(၂၁၉)ဦးအတွက် ချီးမြှင့်ငွေ(၁၀)သိန်းကိုလည်းကောင်း၊ ကချင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားလက်ရွေးစဉ်(၃)ဦးအတွက် ချီးမြှင့်ငွေ(၃)သိန်းကိုလည်းကောင်း ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးနိုင်ရန်အတွက် ကြေးလံ၊ တောင်တမာ၊ မဟော် ဂနီ၊ ယမနေ၊ ရေပိတုန်း၊ လောက်ယားနှင့် သစ်အယ် စုစုပေါင်း(၁၉၄၀၀)ပင် ပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဖြိုးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်ရန် လျာထားချက်များနှင့် လူထုဖြန့်ဖြူးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးက မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများအတွက် ချီးမြှင့်ငွေ(၃)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)