ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဒေသကေလာကျေးရွာအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှု

ညောင်ရွှေ မေ ၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများနှင့် မန္တလေးငလျင်ဒဏ် ပြင်းထန်စွာထိခိုက်ခံစားခဲ့ရသည့် အင်းလေးဒေသ ကေလာကျေးရွာအတွင်းရှိ သာသနိကအဆောက်အဦများ၊ လူနေအိမ်များ စနစ်တကျဖျက်သိမ်းခြင်း၊ ပြန်လည်တည့်မတ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဦးစွာပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် မြွေပွေးအထက်ကျေးရွာ ရွှေပြည်သာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းအဆောက်အအုံ ယိုင်နဲ့ပျက်စီးမှုနေမှုအခြေအနေ များ၊ ယာယီကျောင်းဆောင်ဆောက်လုပ်မည့် မြေနေရာများကို ကြည့်ရှုခဲ့ပြီး ပံ့ပိုးကူညီဆောင်ရွက် ပေးမည့် အခြေအနေများကို ကျောင်းထိုင်ဆရာတော်ထံ တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက်ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် ကေလာကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းဆောင်ကြီးတည့်မတ်မှုလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းကြံ့ခိုင်ရေးအတွက် ကျွမ်းကျင်လက်သမားများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုခဲ့သည်။

၎င်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးသည် ကေလာကျေးရွာအတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ ရှင်းလင်းဖယ်ရှားခြင်း၊ တည့်မတ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုအခြေအနေများကို လှည့်လည်ကြည့်ရှု့ခဲ့ကြောင်းနှင့် ကေလာကျေးရွာအုပ်စုအတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်ပေါင်း(၈၇၇)အိမ်ရှိသည့်အနက် ယနေ့အထိ ရှင်းလင်းဖယ်ရှားပြီးစီးမှု (၁၁၆)အိမ်၊ တည့်မတ်ပြုပြင်ပြီးစီးမှု (၇၅)အိမ်၊ အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှု (၈) အိမ်ရှိခဲ့ပြီး ကျန်ရှိနေသေးသည်များကို ဆက်လက်၍ အရှိန်အဟုန်မြှင့် ရှင်းလင်းဖယ်ရှား၊တည့်မတ်ပြုပြင်ခြင်းလုပ်ငန်းများနှင့် အသစ်တည်ဆောက်ပေးမှုလုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်လက်သမားများ၊ လုပ်အားဒါနရှင်များ၏လုပ်အားများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ