ဆီဆိုင် မေ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မုန့်လုပ်နည်းဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နယက ဒေါ်မြတ်ခင်မော်က အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်တဲ့သင်တန်းမှာ ရွှေကြည်ဆနွင်းမကင်း၊ နံကတိုင်၊ Cookies(ကွတ်ကီး)စသည့် မုန့်အမျိုးအစားသုံးမျိုးပြုလုပ်ခြင်းကို သင်တန်းနည်းပြများကစာတွေ့/ လက်တွေ့ဖြင့် သင်တန်းသားများ ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည့်အပြင် မိသားစုဝင်ငွေ တိုးပွားလာစေမည်ဖြစ်ကြောင်းနှင့် သင်တန်းအား အကျိူးရှိစွာ သင်ယူတတ်မြောက်ကြရန်တို့ကို ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီး ရေးရာအဖွဲ့မှ အဖွဲ့ဝင်များက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်တန်းအထောက်အကူပြု ချီးမြှင့်ငွေတို့ကိုပေးအပ်ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ သင်တန်းသူ(၂၂)ဦး တက်ရောက်ကြပြီး ရွှေကြည်ဆနွင်းမကင်း၊ နံကတိုင်၊ Cookies(ကွတ်ကီး)စသည့် မုန့်အမျိုးအစားသုံးမျိုး ပြုလုပ်နည်း အား စာတွေ့/လက်တွေ့ဖြင့် တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)