တာမွေမြို့နယ်၌ မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တာမွေ မေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲခေါင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်များက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ညွန့်က အသင်း၏ငွေစာရင်းရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အ‌သေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်အလုပ်အမှုဆောင်များက မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တာမွေမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့်ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ မြို့နယ်အတွင်း၌ ဘာသာရေး ပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးနှင့်ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့်လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့်ဆက်နွယ် သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)