ချောင်းဆုံ မေ ၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ စပါးအထွက်နှုန်းတိုးပွားလာရေး မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ ကွင်းအမှတ်(၆၃)နှင့် ပလိုင်ဝမ်းကွင်းအမှတ်(၆၁၃)တို့ရှိ မိုးစပါးစိုက်ဧက(၅)ဧကတွင် အောင်နိုင်တိုးမျိုးစပါးအား မျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ပြုလုပ်ခဲ့သည်။
မျိုးစေ့ချကိရိယာ(seeder)စနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာကာ အမြစ်ကြီးထွားမှုစောစီးစွာရရှိခြင်း ၊မြေဩဇာအသုံးပြုရာတွင် အကျိုးသက်ရောက်မှုမြင့်မားခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်းများကြောင့် တောင်သူများအထွက်နှုန်း သိသာစွာတိုးပွားလာမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း လာမည်စိုက်ပျိုးရာသီအတွင်း မိုးစပါး (၆၅၃၀၉) ဧက စိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ပြောသည်။
အဆိုပါ မျိုးစေ့ချကရိယာ (Seeder) ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို မော်လမြိုင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း ကျေးရွာအုပ်စုတစ်စုလျှင် တစ်ခုနှုန်းဖြင့် မျိုးစေ့ချကရိယာ (Seeder) (၄၇) ခုတို့အား မတ်လ(၃၁)ရက်နေ့က အခမဲ့ဖြန့်ဝေပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုကျော်