မူဆယ် မေ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၏ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားမစတင်မီ မူဆယ်ခရိုင်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၏ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို Galaxy အသင်းနှင့် ထွယ်ဂင်တောင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ထွယ်ဂင်တောင်အသင်းမှ Galaxy အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူ ဗိုလ်ဆွဲသွားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်လှိုင်က ကွင်းလယ်ဒိုင်များကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် အားစားသမားများကို ရွေးချယ်၍ ဆုတံဆိပ်နှင့် ဆုငွေများကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက အသန်းရှင်းဆုံး ဆုရရှိသော နမ့်ခမ်းအသင်းနှင့် နှစ်သိမ့်ဆုရ Recelection အသင်းအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိန်မိုင်က တတိယဆုရရှိသော မြဝတီအသင်းအားလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်က ဒုတိယဆုရရှိသော Galaxy အသင်းအားလည်းကောင်း ဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပထမဆုရရှိသော ထွယ်ဂင်တောင်အသင်းအား ဆုဖလား၊ ဆုငွေနှင့် ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ၏ ပွဲစဉ်များကို ၂၃-၃-၂၀၂၅ ရက်နေ့မှ ပြိုင်ပွဲဝင် အသင်းပေါင်း ၂၆ သင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)