မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အ.ထ.က (၁၃) ကျောင်းတွင်   Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြား

မဟာအောင်မြေ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသ်ိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက် စေရန်အတွက် မဟာအောင်မြေမြို့နယ်တွင် အ.ထ.က (၁၃) ကျောင်းဝန်းအတွင်း၌ ဧပြီလ (၂၈) ရက်နေ့မှစ၍ Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ငလျင်ဒဏ်ကြောင့် အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် Camp (စခန်းသွင်း) လေ့ကျင့်သင်ကြားရန် ဆန္ဒရှိသူများအတွက် လက်ခံသင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသား၊‌ ကျောင်းသူများ လုံခြုံရေး၊ နေထိုင်စားသောက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သင်ထောက်ကူပစ္စည်းများအတွက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများ Camp (စခန်းသွင်း) လေ့ကျင့်သင်ကြားပေးမှုနှင့် နေထိုင် စားသောက်ရေးတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း‌ဒေသကြီး ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဖြေဆိုသူ (၁၀၅၃) ဦး ဖြေဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ပြန်လည်သင်ကြားရေးတွင် မေလ (၂) ရက်နေ့အထိ စာရင်းအရ (၈၆၄) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဇော်မင်း