ကျောက်ပန်းတောင်း မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်ဆွေးနွေးပို့ချခြင်းကို မေလ (၂) ရက်နေ့ နံနက် (၁၀) နာရီက စံပြရပ်ကွက်ရှိ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ကြားပို့ချခြင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကျောင်းသားကျောင်းသူများအနေဖြင့် ယခုသင်ကြားပို့ချပေးသည်များကို အလေးထားမှတ်သားကြရန်နှင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုကြရန် ဦးစွာပြောကြားသည်။ ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဒေါက်တာစန်းစန်းအေးက Grade-12 ဘောဂဗေဒဘာသာရပ်ဆိုင်ရာများနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းမှ အခန်းအလိုက် လေ့လာသင့်သည်များနှင့် မေးခွန်းပုံစံများကို ရှင်းလင်းဆွေးနွေးပြီး၊ (TTO) သင်တန်းတက် ဆရာ/ဆရာမ (၅) ဦးက စာသင်ခန်း (၅) ခန်း ခွဲ၍ ဆက်လက်သင်ကြားပို့ချပေးကြသည်။
ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ကြား ပို့ချရာသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ အတွင်းရေးမှူး ရဲမှူး နိုင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး(တာဝန်) ဒေါ်အေးအေးမော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် (TOT) သင်တန်းတက် ဆရာ/ ဆရာမများ တက်ရောက်ကြပြီး၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၅၇) ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ (၃၂) ဦး၊ စုစုပေါင်း (၄၈၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)