နမ့်စန်(တ) မေ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နမ့်စန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း ပေးအပ်ခဲ့ရာ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် နမ့်စန်ခရိုင် မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇော်ဦးနှင့် သက်ဆိုင်ရာခရိုင်အဆင့်ဌာနအကြီးအကဲများ၊ နမ့်စန်၊ ကွန်ဟိန်းနှင့် မိုးနဲမြို့တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အသီးသီး လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နမ့်စန်မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က နမ့်စန်ခရိုင်၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး နှစ်ကုန်ယာယီအကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလျာထားချက်တို့အပေါ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)