မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

မိုင်းယောင်း မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်လုံခြုံရေးအဖွဲ့တို့ ပါဝင်သော မြို့နယ်စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆွေးနွေးပွဲကို ပြုလုပ်ရာ တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရာဇီ(ပြန်/ဆက်)