မူဆယ် မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့လက်ဝှေ့ပြိုင်ပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း၌ အသင်း ၈ သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် အသင်း ၁၂ သင်း၊ ပြိုင်ပွဲဝင် ၉၀ ဦးဖြင့် လက်ဝှေ့ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ မူဆယ်မြို့အနေဖြင့် လက်ဝှေ့ပြိုင်ပွဲများကို နေရာထိုင်ခင်းအခက်အခဲနှင့် ဒိုင်အခက်အခဲများကြားမှ ပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ လက်ဝှေ့သမား အားကစား သမား တစ်ဦးဖြစ်ဖို့သည်လည်း တစ်ဦးချင်း၏ ကိုယ်ခန္ဓာ သက်လုံ၊ ကြံ့ခိုင်မှုနှင့် အဓိကအားဖြင့် သတ္တိအပေါ် အခြေခံပြီး ကစားရသည့် ကစားနည်းတစ်နည်းဖြစ်ပါကြောင်း၊ ကစားသမားများအနေဖြင့်လည်း လက်ဝှေ့ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးကစားကြဖို့လိုအပ်ပါကြောင်းနှင့် ယနေ့လက်ဝှေ့ပြိုင်ပွဲမှ ဒေသကိုယ်စားပြု ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်အထိ ပြိုင်ပွဲဝင်နိုင်ကြသည့် အားကစားသမားများ ပေါ်ထွန်းလာနိုင်ပါစေလို့” ပြောကြားခဲ့သည်။
ယင်းနောက် အကအဖွဲ့များမှ အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အမျိုးသမီးလက်ဝှေ့အသင်းသူများဖြစ်ကြသည့် နော်သင်းသင်းခိုင် (အနီ) နှင့် နော်လွင်သက်ပိုင်(အပြာ)တို့က သရုပ်ပြထိုးသတ်ခဲ့ကြသည်။ လက်ဝှေ့ပြိုင်ပွဲကို အမျိုးသား ဝိတ်တန်း ၄၈ ကီလို၊ ၅၁ ကီလို၊ ၅၄ ကီလို၊ ၅၇ ကီလို၊ ၆၀ ကီလို၊ ၆၃.၅ ကီလို၊ ၇၁ ကီလိုနှင့် ၇၅ ကီလိုဟူ၍ ခွဲခြားကာ ပြိုင်ပွဲဝင်စေပြီး၊ ယနေ့တွင် ပွဲစဉ် ၁၈ ခုကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြောင်းနှင့် ပွဲစဉ်များကို ၄ ရက်တိတိ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)