ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ကွယ်လွန်သွားသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့်ငွေများ ပြန်လည်ပေးအပ်

တောင်ကြီး မေ ၂

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ကွယ်လွန်သွားသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့်ငွေများအား ကျန်ရစ်သူမိသားစုဝင်များထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ဧပြီ (၃၀) ရက်နေ့ နံနက်(၁၀)နာရီက ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ငလျင်ဘေးဒဏ်ရှေ့တန်း ကွပ်ကဲရေးရုံး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဒေသခံပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြားပြီး နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်တို့က နန်းပန်မြို့၊ ကေလာကျေးရွာအုပ်စု၊ သလဲဦးကျေးရွာအုပ်စု၊ နန်းသဲကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သာလေးကျေးရွာအုပ်စုတို့မှ ကွယ်လွန်သူများ၏ မိသားစုဝင်များအား ငွေများအသီးသီးပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ညောင်ရွှေမြို့နယ် အင်းလေး‌ဒေသအတွင်း ငလျင်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သူ စုစုပေါင်း(၅၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၅၀၀၀၀၀၀၀) ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ