နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း ဥတ္တရသီရိ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့် သင်ကြားပေးမည့် အခြေခံပညာကျောင်းအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် မေ ၂

၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဝင်ရောက် ဖြေဆိုကြမည့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့် သင်ကြားပေးမည့် အခြေခံပညာကျောင်းတွင် သင်ခန်းစာပို့ချမည့် နေရာများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အုံးဆန်း၊  မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၊  မိဘများနှင့်တွေ့ဆုံကာ ရာနှုန်းပြည့် စခန်းသွင်းလေ့ကျင့် သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူများ သင်ကြားမည့် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့် သင်ကြားပေးမည့် အခြေခံပညာကျောင်း  စုစုပေါင်း ခြောက် ကျောင်းရှိပြီး သင်ခန်းစာပို့ချမှုအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအပြင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ ဆရာ၊ ဆရာမများကလည်း လာရောက်လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာ ဝေယံတိုးဆန်‌၊ စပါး‌ ရောင်းဝယ်ရေးလုပ်ငန်းများကိုကြည့်ရှုအားပေးပြီး နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူဦးထွန်းဝေနှင့် ဒေသခံပြည်သူများအားတွေ့ဆုံကာ နွားမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်၊ သဘာဝမြေဩဇာများ ထုတ်လုပ်ရောင်းချနိုင်ရေးဆောင်ရွက်ရန်၊ နွေစပါးနှင့်နွေသီးနှံ ဧကပြည့်မီအောင်စိုက်ပျိုးဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)