ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှစတင်၍ (၉)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတ အမှူးပြုသော ဆရာတော်မထေရ်မြတ်များထံမှ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီ‌တော်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များက ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများအား ဆွမ်းဆန်တော်၊ ပစ္စည်း(၉)ပါး အလှူတို့ကို လောင်းလှူပူဇော်ခဲ့ကြသည်။

ယင်းနောက် အံတော်ရှင်တောင်တန်းသာသနာပြုဗဟို ဓမ္မဗိမ္မာန်တော်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်