ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့်ပြည်သူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ်၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ်အတွင်း သဘာဝဘေး(ငလျင်)ကြောင့် သေဆုံးသွားသူများအား တစ်ဦးလျှင် သုံးသိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၄၉ ဦးအတွက် ထောက်ပံ့ငွေ ၁၄၇ သိန်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပုဗ္ပသီရိမြို့နယ်အတွင်း လာရောက်နေထိုင်ကြသော တိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်လည်း ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် လေးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း အစရှိသည်များကို အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၄၇ သိန်း (ကျပ်တစ်ရာလေးဆယ်ခုနစ်သိန်း)နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ ပြည်သူ (၁၆၃၀)ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၂ သိန်း (ကျပ်ခြောက်ရာငါးဆယ်နှစ်သိန်း)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ (ပုဗ္ဗသီရိ)