ရေစီးရေလာ ကောင်းမွန်ရေးနှင့် ဂျိုးဖြူရေပို့ပိုက်လိုင်းဘေး မြေထိန်းနံရံ တည်ဆောက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဦးအောင်နိုင်၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ပြည်လုံးမွှေးလမ်းထောင့် ပြည်လုံးမွှေးလမ်းတစ်လျှောက် ရေထိန်းတံခါးအထိ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်ထားရှိမှု၊ Pump House Station တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ပြည်လုံးမွှေး ရေနုတ်မြောင်းသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်-၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁ ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ငမိုးရိပ်ချောင်းသို့ စီးဝင်သော အဓိက ရေနုတ်မြောင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် (၄၂)တိုးချဲ့ရပ်ကွက် အမှတ်(၄)ရေတံခါးနှင့် (၄၈)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ အမှတ်(၂)ရေတံခါးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅၂)ရပ်ကွက်၊ ဘူတာလမ်းရှိ ဒဂုံတက္ကသိုလ်ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန် Excavator ယန္တရားများဖြင့် ဗေဒါနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် (၁၃၇) ရပ်ကွက်၊ အလံအုတ်ရိုး ရေတံခါးကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ၅၆ လက်မ ဂျိုးဖြူရေပို့ပိုက်လိုင်းဘေး မြေထိန်းနံရံ တည်ဆောက်ရန် ကွန်ကရစ်ပိုင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်း၍ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)